Saturday, February 8, 2014

Friday, May 27, 2011

နာလန်ထလူနာ တယောက်

ဗီအိုအေ သောတရှင်များနဲ့တကွ မြန်မာပြည်သူ ပြည်သားအားလုံး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်….
တနာရီခွဲ လွှင့်သွားခဲ့တဲ့ အဲယားရှိုးကို safe လုပ်ပြီး achieve ထဲ မသိမ်းခင် ဒီကနေ့လွှင့်သွားတာ ဟုတ်မဟုတ် သေချာအောင် ပြန်နားထောင်တဲ့ ကိုကျော်အောင်လွင်က နားကျပ်မသုံးတဲ့အတွက် ကျမရဲ့ နောက်ဆုံးနှုတ်ဆက်သံကို ကျမ ပြန်ကြားလိုက်ရပါတယ်။
နောက်ဆက်တွဲထွက်လာတာက ကိုကျော်အောင်လွင်ရဲ့အသံ။
“မခွာညို၊ ခင်ဗျားအသံ အရမ်းကောင်းတယ်။ ကြည်နေတာပဲ။ ကျနော် ကြိုက်တယ်။ တကယ်ပြောတာ”
ချီးမွမ်းခဲတဲ့ ကိုကျော်အောင်လွင်က အသံလွှင့်သက်တမ်း ၂ နှစ်ပြည့်ခါနီးမှာမှ ချီးကျူးလာတာကို ကျမက ကြားဖြတ်ရယ်လိုက်ပါတယ်။ သူက - တကယ်ပြောတာလို့ ထပ်ပြောရုံမက အဲဒီ နောက်ဆုံးနားကို နောက်တခေါက် ပြန်ဖွင့်တောင် ပြလိုက်ပါသေးတယ်။
 “ဟုတ်တယ်။ အကောင်းပြောတာ။ အစပိုင်းမှာ ခင်ဗျားအသံက ၀ပ်နေတယ်။ မထွက်လာဘူး။ ပီးခါနီးကျမှ အသံက ပိုပြီး ထွက်ထွက်လာသလိုပဲ။ ပီးခါနီးပီဆိုပြီး ၀မ်းသာအားရနဲ့ အသံက အဲဒီတော့မှ ထွက်ထွက် လာပုံရတယ်”
“ဟုတ်တယ်။ မင်္ဂလာပါရှင် ဆိုတဲ့အသံဆို အမြဲတိုးလို့ အင်ဂျင်နီယာတွေကဆို အမြဲစတယ်။ သူ့အသံက ထွက် လာပါအုံးမလားဆိုပြီး”… သဲသဲ(ခင်ဖြူထွေး) ကလည်း ရယ်မောရင်း အဲသလို ဖြည့်စွက်ပါတယ်။ အန်တီလုံး (ဒေါ်ခင်စိုးဝင်း) ကလည်း ကျမရဲ့ မပွင့်လင်းတဲ့ အသံတိမ်မြုပ်မြုပ်ကို ၀င်ပြီး ထောက်ပြဝေဖန်ပါတယ်။
 “ကျမမှာ အသံနဲ့ပတ်သက်လို့ Trauma အကြီးအကျယ် ရထားဖူးတယ်။ အဲဒါကြောင့် အသံကို တမင်ထုတ် ရတော့မယ် ဆိုရင် ပြဿနာထထတက်ပြီး မထွက်လာတော့ဘဲ ဖြစ်နေရတာ”
ရွှတ်နောက်နောက် ပြောလေ့ရှိတဲ့ အမူအကျင့်ကြောင့်လားမသိ။ သူတို့က ကျမစကားကို အလေးမထားဘဲ ၀ိုင်းရယ်ကြ ပါတယ်။ ကျမ တကယ်ပြောနေတာကို ဘယ်သူမှ မယုံ။ Trauma ဆိုတဲ့စကားကို အခုလို ပေါ့ပေါ့လေး ပြောပြနိုင်ဖို့ ကျမ နှစ်ပေါင်း ၂၀ ကျော်တောင် ကိုယ့်ကိုယ်ကိုယ် ကုစားခဲ့ရတာ။ လွယ်မယ် မှတ်လို့လား။ အရင်တုန်းကလို Trauma ပြင်းထန်စူးရှနေချိန်ဆို အခုလို အရယ်ခံလိုက်ရတာအပေါ်မှာ ကျမ ထပ်ဆင့် Trauma ရသွားအုံးမှာအသေအချာ။ ဒါပေမဲ့ ကျမက ဒီလို ရယ်ခံရတဲ့အခါ စိတ်ကို ဘယ်လို ပြင်ဆင်ထားရမယ်ဆိုတာကို ကောင်းကောင်းကျွမ်းကျင်ခဲ့ပြီဖြစ်လို့ ငယ်ငယ်ကလို ဒဏ်ရာမကျန်ခဲ့။
*        *        *        *        *        *        *        *        *        *        *        *
ငယ်ငယ်တုန်းက လူမှန်းသိတတ်စအချိန်မှာ ကိုယ့်ကိုယ်ကို ပြန်သတိအထားမိဆုံးတခုက ဘာလဲဆိုရင် လူရှေ့ စကားပြောရမှာကို အရမ်းတုန်လှုပ်ကြောက်ရွံ့တဲ့စိတ်ပါပဲ။ အထူးသဖြင့် ကိုယ် တကယ်သိချင်လွန်းလို့ မေးခွန်း တခုကို လှိုက်လှိုက်လှဲလှဲ ထုတ်မေးချင်တဲ့အခါတိုင်းမှာ ချွေးစေးတွေပြန်၊ လက်ဖျားတွေ အေးစက်၊ ရင်ထဲက တဒိန်းဒိန်းခုန်သံကို နားထဲမှာ အကျယ်ကြီးပြန်ကြားလို့ လည်ချောင်းဝမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်… ရှိသမျှကလီစာတွေ လာဆို့နေသလို နင်ပြီး စကားလုံးတွေက ထွက်မလာခဲ့။
ဒီလိုဖြစ်နေတဲ့ကြားကများ အတင်းဖျစ်ညှစ်ပြီး အသံကို ထုတ်လိုက်ရင် ထွက်လာတဲ့ အသံက ကြောင်ပေါက်စ လေး အမြီးတက်နင်းခံရလို့ အော်လိုက်သလို သေးစူးစူး..ညှောင်နာနာနဲ့ ဘယ်သူကမှ ဂရုတစိုက်ဖြေဖို့ မဆွဲ ဆောင်နိုင်တဲ့ အသံမျိုးပဲ ဖြစ်နေတာ။
ဒီအသံကြောင့်ကိုပဲ စိတ်ပျက်လက်ပျက်နဲ့ နောက်တခေါက် မေးခွန်း မေးရမှာကို စိတ်ပိုပျက်လာတာ…
လူရှေ့မှာ စကားပြောဖို့ စိတ်ဓာတ်ကျဆင်းပျက်ပြားလာတာ….
ဒီလိုနဲ့ ခပ်တိတ်တိတ်၊ ငြိမ်ငြိမ်လေး နေတတ်သူရယ်လို့ ပတ်ဝန်းကျင်ကရော မိသားစုကပါ အသိအမှတ်ပြု လာကြတော့တာ။
*        *        *        *        *        *        *        *        *        *        *        *
အဲဒီလို မတိုင်ခင် ဒိထက်ခပ်ငယ်ငယ်အရွယ်… ၈ နှစ်၊ ၉ နှစ်လောက်တုန်းက အဖြစ်လေးတခုကလည်း အခုထိ မမေ့နိုင်စရာ။
၁၉၇၅ ၀န်းကျင်လောက်က မြန်မာပြည်မှာသမ၀ါယမဆိုင်တွေ ခေတ်ကောင်းခဲ့ချိန်လို့ မှတ်မိပါတယ်။ သမ၀ါယမ စာအုပ်လေးတွေနဲ့  လစဉ် ဆီထုတ်၊ ဆန်ထုတ်၊ ငပိထုတ်ဖို့ တန်းစီကြရတယ်။ ရတဲ့ဆန်က ပိုးနဲ့ တဟောင်ဟောင်ဖြစ်ပါစေ၊ ပြည်ချိန်ခိုးပါစေ အဲဒီတုန်းက ဆန်ထုတ်သွားတဲ့ အတူနေ အဒေါ်နောက်ကို တကောက်ကောက်လိုက်ပြီး  သ/မဆိုင်ကို သွားခဲ့ဖူးတယ်။ အဒေါ်က ဆန်ချိန်တဲ့နေရာမှာ စောင့်နေရင်း ကျမကတော့ သ/မဆိုင်က ပစ္စည်းရောင်းတဲ့ မှန်ဘီရိုရှေ့မှာ ငြိမ်ငြိမ်လေး ငုပ်တုပ်ထိုင်ပြီး ဘီရိုထဲက ရောင်စုံရေဆေးဗူးလေးတွေကို ရေတွက် ငေးမောနေခဲ့တယ်။
တကယ်တော့ ကျမအထင် အဲဒီတုန်းက ရေဆေးဗူးလေး တဗူးရဲ့တန်ဖိုးက ဘာမှ သိပ်ရှိမှာမဟုတ်။
ကျမ မိဘတွေမှာ အဲဒီတုန်းက ရွှေဆိုရင် အဖိုး ပန်းထိမ်ဆရာကြီးက သေချာ သန့်စင်ပြီး ထားပေးခဲ့တဲ့ ရွှေချောင်းတွေတောင် ရှိနေခဲ့တာ။ ဒါပေမဲ့ ကျမ ရေဆေးဗူးလေး ၀ယ်ပေးပါ…လို့ မပူဆာဝံ့ခဲ့။
အရမ်းလိုချင်တဲ့ပစ္စည်းတခုကို ခေါင်းခါအငြင်းခံရမှာထက်စာရင် မပြောဘဲနေလိုက်တာ စိတ်သက်သာတယ်လို့ များ ကျမ တွေးနေခဲ့မိသလားဆိုတာတော့ မသေချာပါ။ ဒါပေမဲ့ သေချာတာတခုက သားသမီးတွေကို ချစ်ခင်ဖြည့်ဆီးတတ်တဲ့ ၊ ဖြည့်ဆီးနိုင်လောက်အောင် ကြွယ်ဝတဲ့မိဘတွေဆီမှာ ကျမ ဒါလေး လိုချင်ပါတယ်… ဆိုတဲ့ စကားကို မပြောဝံ့ခဲ့ဘဲ လစဉ် လေးလေးနောက်ကနေ သ/မဆိုင်ကို လိုက်သွား။ ရေဆေးဗူးလေးတွေ ဘယ်နှစ်ဗူး ကျန်နေသေးလဲ ရေတွက်ပြီး ပြန်လာ။
*        *        *        *        *        *        *        *        *        *        *        *
ဖေဖေက အစအနောက်သန်သူလို့ ပြောနိုင်မယ်ထင်ရဲ့။ သားသမီးတွေကိုရော၊ ဇနီးကိုပါ သူငယ်ချင်းလို၊ မောင်နှမလို တရင်းတနှီး လုံးထွေးယှက်တင်နေတတ်သူ။ ကျမက ငယ်ငယ်ကတည်းက ပုံတူလေးတွေ ကူးဆွဲလိုက်၊ စာလေးရေးလိုက်နဲ့ ငြိမ်သက်တိတ်ဆိတ်နေတတ်သူ။ ကျမတခုခုလုပ်နေတာကို သူများမြင်မှာ အလိုလိုနေရင်း စိုးထိတ်နေတတ်ခဲ့သူ။ ကျမကို ဘာလုပ်နေလဲ လို့ တယောက်ယောက်က မေးလိုက်မှာ တွေးကြောက်နေတတ်သူ။
ဆယ်တန်းအောင်ပြီးစက လုံမလေး မဂ္ဂဇင်းထဲ ရီရာအတိုလေး ရေးပို့လို့ ပါလာကတည်းက အဖေက ကျမ စာရေးချင်တာကို ရိပ်မိပြီး ကျမအခန်းတံခါးပိတ်ပြီး ငြိမ်နေပြီဆိုရင် အခန်းတခါးလာပုတ်ပြီး  “သမီး၊ ဘာလုပ်နေလဲ” စတတ်တယ်။ ကျမ စာရေးဖို့ကြိုးစားနေတာ။ ကျမက ကိုယ့်ဖြစ်ချင်တာကို ဖွင့်မပြောရဲတာ။ စာတိုပေစရေးဖို့ကိုပဲ မိဘအလစ်ကို ချောင်းနေတာတွေ သိသိကြီးနဲ့ ကျမဆီက ငိုသံပါမလာမချင်း မေးခွန်းတွေ တမျိုးမဟုတ်တမျိုးမေးမေးပြီး ကျမကို စတတ်တာ။ ကျမ ဆီက ဒေါသတကြီးနဲ့ -အဖေနဲ့ ဘာဆိုင်လို့လဲ၊ ကိုယ့်ဖာသာကိုယ် နေပါလား…. လို့ ပြန်ပက်သံ မကြားရမချင်း ကျမအခန်းရှေ့က မခွာ။
ဒါမှမဟုတ် အမေက  “အဖေကြီး၊ ကလေးကို သူ့လွတ်လပ်ခွင့်နဲ့သူ နေပါစေ”  လို့ လှမ်းပြီး မဆူပူ၊ မဟန့်တား မချင်း အဆက်မပြတ် ဘာလုပ်နေတာလဲ….ဆိုတာကို မေးမေးပြီး အိမ်ဆူအောင် လုပ်တတ်တဲ့ အဖေ။
တခါတရံကျ ကျမရေးထားတဲ့ ကာရန်မဲ့ ကဗျာစာအုပ်လေးကို အတင်းလုယူပြီး အော်ဖတ်လား ဖတ်တတ်ရဲ့။ သူ့အရပ်အရှည်ကြီးနဲ့ သူ့ခြေဆံလက်ဆံ အရှည်ကြီးကြားက ကျမ စာအုပ်လေး ပြန်ရဖို့က ယားတတ်တဲ့အဖေ့ကို ကလိထိုးပြီး ပြန်လုယူရတဲ့နည်းတနည်းပဲ ကျမတတ်နိုင်တယ်။
အဖေ အဲသလို စလွန်းတော့ ၀တ္ထုရေးဖို့ ကြိုးစားချိန်မှာ အပြင်ဘက်က အဖေ့ခြေသံကြားရင်ကိုပဲ ယောင်ရမ်းပြီး ရေးနေတဲ့ စာရွက်တထပ်ကြီးကို ခေါင်းအုံးအောက်ထဲ ထိုးထည့် ဖွက်မိတာမျိုး၊ စာရွက်လှန်သံ၊ ဘောလ်ပဲန် ပြုတ်ကျတဲ့အသံများ အဖေကြားပြီး ရောက်လာမလားတွေးပူရင်း အဖေရှိနေချိန်တွေမှာ ကိုယ့် အခန်းတခါး ကိုယ်လုံအောင်ပိတ်ပြီးတော့ စာရေးရမှာကိုတောင် မလုံခြုံသလို ခံစားနာကျင် တုန်လှုပ် စိုးထိတ်ခဲ့ ရတာ။
*        *        *        *        *        *        *        *        *        *        *        *
အမှန်ဆို ညစာထမင်းဝိုင်းကို ကျမ မိသားစုနဲ့အတူ စားဖို့ အရမ်းဝန်လေးခဲ့တာ။
အမေက ခွဲခြားခွဲခြားစားရင် မကြိုက်တတ်တဲ့အတွက် မိသားစု ညစာထမင်းဝိုင်းမှာ ၀င်ထိုင်ရတတ်ပါတယ်။
ထမင်းဝိုင်း မထိုင်ချင်တဲ့ အကြောင်း ၃ မျိုးမှာ တမျိုးက ကျမကပဲ အမြဲလို ဟင်းထထခပ်ပေးရတတ်တဲ့အတွက် ကျမစိတ်ထဲ ထမင်းစားရတာ ဇိမ်မကျဘူးထင်လို့ပါ။
နောက်တခုကတော့ အစာအိမ်နဲ့ အူလမ်းကြောင်း သိပ် မဆင်မပြေတဲ့ ကျမအတွက် အမေက အမြဲတမ်း ဟင်းချက်ရင် ငရုပ်သီးမခပ်ခင် ဟင်းအဖြူထည် ခပ်ထားပေး လေ့ရှိတာကြောင့်။
ကိုယ့်ဖာသာကိုယ် တယောက်ထဲစားရရင် သိပ်မသိသာပေမဲ့ တ၀ိုင်းထဲစားပြီးမှ သူများ နည်းတူ အစပ်မစားရတာကို လူဖြစ်ရှုံးသလို ခံစားရစိတ်ကြောင့် ကျမ မိသားစု ထမင်းဝိုင်းကို မထိုင်ချင်။
နောက်ဆုံးတခုကတော့ တိတ်တိတ်လေး ထမင်းစားနေတဲ့ ကျမကို ဖေဖေက စောစောက လိုမျိုး ငယ်ငယ်က - ကျမ လေးနှစ်သမီးက ထမင်းဝိုင်းမှာ ကျမ ငိုခဲ့တဲ့ အဖြစ်ကို ပြန်ပြောပြီးရယ်မောတိုင်း၊ အခု ဘာလို့ စကားမပြောတော့တာလဲလို့မေးခံရတိုင်း ကျမရင်မှာ နင့်နေအောင် နာကျင်ပြီး လှိုက်လှိုက်လှဲလှဲ ၀မ်းနည်းလာတတ်လို့ပါ။ ဒါကြောင့် ကျမ တတ်နိုင်သမျှ တယောက်ထဲပဲ ထမင်းစားချင်ခဲ့ပါတယ်။
 “သမီး ငယ်ငယ်က ထမင်းဝိုင်းမှာ အရမ်းစကားများတာ။ ညဘက်  စကားဝိုင်းမှာဆို သမီးအသံချည့်ပဲ။ ဟိုမေး ဒီမေး ဟိုဟာပြော၊ ဒီဟာပြောနဲ့ စကားများလွန်းလို့ သမီးကို ဖိုးသောကြာ ဦးရွှေလိပ်ကြီးလို့ အဖေခေါ်တာ သမီး မှတ်မိသေးလား။ တခါတည်း ကျောင်းတောင် မနေရသေးဘူး။ သူ့ကို ဖိုးသောကြာ၊ ဦးရွှေလိပ်လို့ ခေါ်တာကို နာတတ်လိုက်တာ၊ မျက်ရည်တွေက ထမင်းပန်းကန်ထဲ ပိုးပိုးပေါက်ပေါက်ကျပြီး ထမင်းတွေကို ဆက်မစားဘဲ ဖျစ်ဖျစ်ပြီး နယ်နေလိုက်တာ…
ဘာဖြစ်လို့ အဲဒီစကားကို အဲဒီလောက်တောင် နာတတ်ရတာလဲ။ အသက်ကဖြင့် ၄ နှစ်ပဲ ရှိသေးတယ်”
အဖေ့မေးခွန်းကိုဖြေဖို့ ကျမမှာ အဖြေအဆင်သင့်မရှိပေမဲ့ အဖေ အဲလို မေးပြီးရယ်မောတိုင်း ကျမရင်မှာ မခံချိ မခံသာ ဖြစ်ရတာချည်း။
အဖေက အဲဒီအကြောင်းကို အစဖော်ပြီး ပြောလာရင် ဘာလို့မှန်းမသိ၊ ကျမ အရမ်းခံရခက်၊ ဒေါသထွက်၊ တခုခု ပေါက်ပေါက်ကွဲကွဲလုပ်ပစ်မိချင်စိတ်ပေါ်ပေါ်လာတယ်။ နောက်ပြီး အဖေ အဲလို ခဏခဏ ပြောတဲ့ဒဏ်ကို မခံရအောင် တယောက်ထဲ နေနိုင်မယ့် ဘ၀မျိုးကိုလည်း အရမ်းတမ်းတမိလာတယ်။ ကျမ အလွန်အမင်းကို လေးစားချစ်ခင်ရတဲ့အဖေက ကျမကို စိတ်ကသိကအောက်ဖြစ်အောင် အလုပ်ဆုံးဖြစ်နေမှတော့ ကျမ အိမ်မှာ မနေရဘဲ တယောက်ထည်း စိတ်အေး နားအေး နေနိုင်ဖို့ကို နာတာရှည်ရောဂါတခုလို တောင့်တမိလာတယ်။
*        *        *        *        *        *        *        *        *        *        *        *

အဲသလိုမျိုး အဖေ့ရန်ကလွတ်ချိန်တွေမှာ အနှစ်နှစ် အလလ ချရေးထားတဲ့ လုံးချင်းတပုတ်ပြီးချိန်မှာ ကျမ စာပေးစာယူ တတိယနှစ်ရောက်ခဲ့ပြီ။ အဲသည်အချိန်မှာ လမင်းမိုမိုက နာမည်အရမ်းကြီးနေပြီ။ ၁၈ နှစ်မှာ လုံးချင်းထုတ်ဖို့ ရွှေသမင်စာပေတိုက်ကို ဆက်သွယ်ခဲ့ပါတယ် ဆိုတဲ့ သူ့ရဲ့ အင်တာဗျူးကိုဖတ်ရင်း ရန်ကုန်ကို စာမေးပွဲဖြေဖို့ ရောက်ခိုက်မှာ စာဖတ်နေရမဲ့အစား ၀တ္ထုစာမူကြီးပိုက်ပြီး ယောင်လည်လည်နဲ့ ရွှေသမင် ပုံနှိပ်တိုက်ကို ချွေးဒီးဒီးကျအောင် လိုက်ရှာခဲ့ရတာ။
ရွှေသမင်တိုက်ကို ဆရာကြီးဦးရန်အောင်ပိုင်တယ်လို့ ဖတ်ရတဲ့အတိုင်း တကယ်က မဟုတ်ပြန်။ တရုတ်မရဲ့ အပျော်ဖတ်ဝတ္ထုရေးသားနည်း ပညာပေးကို အကြာကြီးနားထောင်ပြီးတဲ့နောက် စိတ်ပင်ပန်းမှုအပြည့်၊ မခံချင်စိတ်အပြည့်နဲ့ အောင်မြင်စွာတပ်ခေါက်ရင်း လမင်းမိုမိုကို ဆရာဦးရန်အောင်က စင်တင်ပေးတာဆိုတဲ့ အင်တာဗျူးအဖြေအတိုင်း ရန်ကင်းမှာနေတဲ့ ဆရာကြီး ဦးရန်အောင်အိမ်ကို အရောက်ချီတက်ခဲ့သေးတာ။
အဲသည်အချိန်မှာ ဆရာကြီး ဦးရန်အောင်ကို မတွေ့ရဘဲ ဆရာကြီးရဲ့သမီး မချိုချိုအောင်နဲ့သာ တွေ့ခဲ့ရပါတယ်။ မမချိုက နာမည်နဲ့လိုက်အောင် ချိုတဲ့ အမ။ သူက မာနတခွဲသားနဲ့မဟုတ်ဘဲ သူ့အဖေကို အားကိုးတကြီး လာ ရှာတဲ့ တောသူမလေးကို နှစ်ရှည်လများသိကျွမ်းထားသူလို စကားတွေဖောင်နေအောင် ပြောပြီး ဧည့်ခံကောင်း ခဲ့တယ်။
*        *        *        *        *        *        *        *        *        *        *        *
ရန်ကင်းကအပြန်မှာ ပါလာတာက အတွေးစတစ။ ၀တ္ထုကို ထုတ်ဝေပေးမယ့်သူတယောက်နဲ့ ဆုံမိဖို့ထက် အရေးကြီးတဲ့ အတွေးစတခုကို မမချိုဆီက ရလာခဲ့တယ်။
ရွှေသမင်ကို ဦးရန်အောင်ပိုင်တာဟုတ်တာမဟုတ်တာ။ တရုတ်မကြီး နာမည်ခံထုတ်ဝေပုံနှိပ်ခွင့်ရတာမရတာ၊ ဦးရန်အောင်က ထုတ်ဝေခွင့်နာမည်ခံတာ မခံတာတွေက ဘာမှ အရေးမပါတော့။

“ဇာဂနာက ကျော်ကြားတာ အောင်မြင်တာလည်း မပြောနဲ့လေ။ သူ့မိဘတွေကိုက သားသမီးကို မြေတောင် မြှောက်ပေးတာမှာ သိပ်ကောင်းခဲ့တာ။ ငါးနှစ်သားကတည်းက သူက စကားရည်လုပွဲတွေ ၀င်နေပီ။ စင်ပေါ်တက်ပြီး စကားပြောနေပီ။ အဲဒီအရွယ်လေးကတည်းက သူ့မှာ ပြောရဲဆိုရဲအောင် လူတောတိုးရဲအောင် မိဘတွေက စင်တင်ပေးခဲ့တာ……………”     
မမချို ပြောလိုက်တဲ့ ဇာဂနာ့ ထက်မြက်သွက်လက်မှုတွေက အများကြီးပါ။ ကျမစိတ်ထဲမှာ ကျန်ခဲ့တာက အဲသည် လောက်ပါပဲ။
ဇာဂနာက ငါးနှစ်သားမှာ စင်ပေါ်တက်နိုင်၊ ပွဲလယ်တင့်နိုင်ခဲ့တဲ့ ကလေးတယောက်ဖြစ်ခဲ့ပြီ…ဆိုတဲ့ အသိက ကျမရဲ့ အနုံစိတ်ကို ထိုးဆွလိုက်သလိုပါပဲ။
ညိုလေး ဆိုတဲ့ ကလေးမလေးမှာတော့ လေးငါးနှစ် ဆိုတဲ့ အရွယ်လေးမှာ သိချင်တာတွေကို မေးချင်နေချိန်မှာ အဖြေပေးမယ့်သူတောင် မရှိခဲ့ဘူးလေ။
*        *        *        *        *        *        *        *        *        *        *        *
ကျမ သုံးနှစ်အရွယ်လောက်မှာ တောင်တွင်းကနေ နတ်မောက်ကို ပြောင်းကြရတယ်။ တောင်တွင်းကြီးမှာ အမျိုးတွေရှိတော့ အိမ်ဖော်ငှားရတာ အဆင်ပြေသလို မေးခွန်းမေးရင်း စိတ်ရှည်လက်ရှည်ဖြေပေးမဲ့ အဖိုးလည်း ရှိနေသေးတယ်။ သူ့လည်ပင်းမှာပေါက်နေတဲ့ အမွေးရှည်ရှည်တချောင်းတည်းကို အသာဆွဲရင်း - “ဘဘဘကြီး၊ ဒါ ဘာမွေးလဲ” လို့ မေးကြည့်။ မြေးဆွဲမွေးပေါ့…မြေးရဲ့ ဆိုပြီး တဟဲဟဲ ရယ်နေတတ်တဲ့ အဘဆီက ဟုတ်တာ မဟုတ်တာအပထား၊ ကလေးတယောက် စိတ်ကျေနပ်စေမယ့် အဖြေတခုတော့ ပေးဖော်ရသေးတယ်။

နတ်မောက်ကိုပြောင်းတော့ အိမ်မှာ မိကြီး၊ မိထွေး- ဘကြီး၊ ဘထွေးတို့က ကျီးစောင့်၊ ကြက်နှင်ဖို့တောင် မရှိဘဲ တကယ်ကို ဥတလုံး မိသားစုလို အထီးတည်း။

အဖေက တကျောင်း၊ အမေကတကျောင်း မနက်မိုးလင်းတာနဲ့ သူတို့တာဝန်ကျရာကျောင်းအသီးသီးကို ထွက်သွားချိန်မှာ ကျောင်းနေတဲ့အရွယ်ရောက်နေတဲ့ အကိုနဲ့ အမပါ အမေနဲ့ပါသွားတော့ ကျမနဲ့ အငယ်မ နှစ်ယောက်က အိမ်ဖော်နဲ့ နေခဲ့ရတာ။ အိမ်ဖော်က ကျမတို့ကို ဘယ်လို ထားလဲ ကျမ မမှတ်မိ။ ပတ်ဝန်းကျင်က ပြန်ပြောတာကတော့ အိမ်ဖော်က ကာတွန်းဖတ်လိုက်၊ ကျမတို့ဖို့ အမေကျိုပေးခဲ့တဲ့ နွားနို့တွေ မော့လိုက်၊ နို့မှုန့်တွေကို သကြားနဲ့ရောပြီး ကျမတို့ကို ဟန်ပြ ကျွေးပြီး သူ့ပါးစပ်ထဲ အများကြီးခွံ့တာတို့…ဒီလိုနဲ့မှ အားမရ။ လိုချင်တာတွေ မ, ပြီး ပြေးတာ တယောက်လည်း မဟုတ်၊ နှစ်ယောက်လည်းမဟုတ်ဆိုတော့ နောက်ပိုင်း အမေက မတတ်နိုင်။

ကျမတို့ညီအမဟာ အရပ်ကောင်းလို့ အသက်ရှင်တာလို့ ပြောရင် မမှားနိုင်။
ကျမတို့အိမ်နီးချင်း ရှေး အဖွားကြီးတွေက အမေ့ကို သိပ်ကြည့်မရဘူးလို့ သိရတယ်။  

ခေတ်မီပြီး သွက်လက်ထက်မြက်တဲ့အမေက ယောက်ခမရဲ့ရွှေဆိုင်မှာ မထိုင်ဘဲ တလမှ ၃၅ ကျပ်ပဲရတဲ့ မူလတန်းပြဆရာမအလုပ်ကို ပေကတ်လုပ်နေတာကိုက လူကြီးတိုင်းရဲ့အမြင်မှာ ဒေါင့်မကျိုး အချိုးမပြေတဲ့ အမျိုးသမီးငယ် တယောက်ဖြစ်ခဲ့ပုံပါ။ ပြေးခုန်ပစ်ဆိုလည်း ပထမ၊ အချုပ်အလုပ်..လာခဲ့။ အကဆိုလည်း ဒေါ်ကြည်ကြည်ဌေးတို့နဲ့ ၁၅ ညလောက် တွဲက ဖူးခဲ့သေးတာ။ ဒီတော့ ရှေးအဖိုးကြီး၊ အဖွားကြီးတွေ မျက်စိမှာတော့ နည်းနည်း ကသိကအောက် ဖြစ်ပုံရပါတယ်။

ဒါကြောင့် ရပ်ကွက်က စောင့်ရှောက်တယ် ဆိုပေမဲ့ ကျမတို့ မီးသွေးပုံပေါ် တက်ဆော့လို့ကတော့ ဟဲ့- မဆော့နဲ့ လို့များ တားမယ် မထင်ကြပါနဲ့။ အားလုံးက ငုပ်တုတ်ထိုင်ကြည့်နေကြတာ။ အမေ့ကို အမောဆို့စေချင်လို့တဲ့။ (တရားဝင်ကို ပြောတာပါ။ အတင်းတုတ်တာမဟုတ်)

အမေက ညမအိပ်ခင် ကျောက်ပျဉ်အကြီးကြီးတချပ်မှာ သနပ်ခါးတွေ အပြည့်သွေးပြီး သူကိုယ်တိုင်ရော သားသမီး လေးယောက်လုံးကိုပါ မိုးလင်းတာနဲ့ သနပ်ခါး ခြေဆုံးခေါင်းဖျား လိမ်းပေးပြီးမှ သူ့ကျောင်းကို ဒရောသောပါးပြေးတဲ့အမေမျိုး။

ကျမတို့ ညီအမက အမေ ကျောင်းကိုသွားတာနဲ့ တနှစ်စာလှောင်ထားတဲ့ အိမ်အောက်က မီးသွေးပုံပေါ်တက် ဆော့။

အမေက ထမင်းစားချိန်ဆို ဆိုက်ကားနဲ့ အိမ်ကို အပြေးပြန်လာပြီး ကျမတို့ ညီအမကို လာကြည့်ပါတယ်။ မကြည့်လို့လည်း မရ၊ ၂ နှစ်အရွယ် ညီမကို ထိန်းဖို့ ကျန်ခဲ့တဲ့ ကျမက လေးနှစ်သမီးလေ။ အိမ်က အဖေ အလုပ်လုပ်တဲ့ တန်းမြင့်ကျောင်းရဲ့ နောက်ဘက် ခြံစည်းရိုးနဲ့ကပ်ရက်ဆိုတော့ အဖေက သူ့အချိန်အားတွေမှာ ပြန်လာကြည့်ပေးတယ်လို့ ပြောပါတယ်။

အမေ ပြန်လာလို့ ကျမတို့ကို မည်းမည်းသည်းသည်းတွေ့ရင် သူ့နေ့လည်စာကို မစားအားတော့ဘဲ အိမ်နဲ့ ခပ်လှမ်းလှမ်းက အတောင် ၂၀ ကျော် နက်တဲ့ ရေတွင်းက ရေကို ကမန်းကတန်းခပ်၊ ရေချိုး၊ သနပ်ခါးပြန် လိမ်းပေး။ ကျမတို့နှစ်ယောက်ကို ထမင်းကျွေးပြီး ကျောင်းပြန်ပြေးရတယ်လို့ ပြောပါတယ်။ ဒီအလုပ်တွေ လုပ်နေတော့ အမေ ဘယ်အချိန်မှာ ထမင်းစားခဲ့သလဲ ကျမ ပြန်မတွေးတတ်။

ကျမကိုယ်တိုင် မှတ်မှတ်ရရဖြစ်ခဲ့တဲ့ အဖြစ် ၂ ခု၊ ၃ ခု အဲဒီတုန်းက ရှိခဲ့တယ်။ တခုက အဖေ့ တန်းမြင့်ကျောင်း ထဲကို ခွေးတိုးပေါက်ကနေ တိုးဝင်ပြီး ကျောင်းသားကစားကွင်းထဲက ဘားတန်းကို တွယ်တက်ပြီး ကျောင်းသားတွေ လုပ်သလို ဘားတန်း(Paralal Bar) ကို ဒူးကောက်ကွေးနဲ့ ချိတ်ပြီး ဇောက်ထိုး တွဲလောင်း နေဖို့ ကြိုးစားတာ ပြုတ်ကျပြီး မေးပေါက်သွားတဲ့အဖြစ်။ (ကံကောင်းလို့ ဇက်ကျိုး မသေခဲ့တာ)

နောက်တခုက ကျောင်းထဲက အရိပ်ကောင်းတဲ့ အပင်ကြီးပတ်လည်က ထိုင်ခုံအောက်မှာ တွယ်နေတဲ့ ပျားအုံကို ကျောင်းထဲလာတည်းတဲ့ နိုင်ငံခြားဧည့်သည်တွေ သုံးသွားတဲ့ လက်ကျန် ဆပ်ပြာခဲလေးကောက်ပြီး ပစ်ထည့် လိုက်တာ။ ကျမ ပစ်တာမထိတော့ အငယ်မက အတွင်းထဲကို လေးဘက်ကုန်း ၀င်သွား၊ ဆပ်ပြာခဲလေး ကောက်ပီး ပျားအုံနဲ့ မျက်နှာချင်းပြီး အနီးကပ်ပစ်ထည့်လိုက်လို့ ပျားတွေ လိုက်တုပ်လို့ ညီအမနှစ်ယောက် အော်ပြေးကြရတာ။ ကျမက အပြင်မှာနေခဲ့ပြီး အကြီးဆိုတော့ အပြေးလည်း ပိုသန်တာမို့ ၂ ချက်လောက်ပဲ အတုပ်ခံရပေမဲ့ အငယ်မကတော့ တမျက်နှာလုံး ဖူးယောင်၊ နှုတ်ခမ်းလေးက လန်ထော်၊ မျက်လုံးတွေပိတ်။ လက်ခုံတွေလည်း ဖောင်းကားလို့။

နောက်တမှုကို ဦးဆောင်တာကတော့ ကျမ အကိုပါ။
အဲဒီအိမ်လေးရဲ့ရှေ့မှာ လူကြီးတဖက်စာမကကြီးတဲ့ မန်ကျည်းပင်ကြီးတပင်ရှိတယ်။ အဲဒီ မန်ကျည်းပင်အောက် မှာ ရေပေပါတလုံးရှိတယ်။ ပေပါ သုံးရစ်မှာ ရေက ၂ ရစ်ရှိတယ်။ အဖုံးက တ၀က်ဖုံး တ၀က်ဖွင့်။ အကိုက အဲဒီ ပေပါနားကပ်ပြီး ကုလားထိုင်တလုံးချ၊ ကုလားထိုင်ပေါ်ကတဆင့် ပေပါနှုတ်ခမ်းကိုနင်းပြီး မန်ကျည်းပင်ခွဆုံကို ရောက်အောင် တက်သွားပါတယ်။

ကျမကလည်း အကို့နောက်က အကိုတက်တဲ့အတိုင်း လိုက်တက်တော့ အငယ်မကလည်း အားကျမခံ ကျမ နောက်က လိုက်လာပါတယ်။ သူက ၂ နှစ်ပဲ ရှိသေးတာလေ။ ပေပါနှုတ်ခမ်းကို မိအောင်လည်း မနင်းတတ်၊ မန်ကျည်းပင်ကို တွယ်ထားရအောင်လည်း သူ့လက်ကလေးတွေက အားမကောင်းသေးတော့ ပေပါအဖုံးပွင့်ပြီး ရေထဲကို ပြုတ်ကျသွားပါတယ်။

ပေပါ ၂ ရစ်ထိအောင် အပြည့်ရှိတဲ့ ရေဟာ ၂ နှစ်အရွယ် ကလေးတယောက်ကို ကောင်းကောင်း သေစေနိုင်တဲ့ ပမာဏပါ။ ဒါပေမဲ့ ကျမတို့ ကံကောင်းခဲ့တယ်။ မိမလေးက မန်ကျည်းပင်ကို မဖက်တွယ်နိုင်ပေမဲ့ ပေပါ နှုတ်ခမ်း ကိုတော့ မိအောက် ကုတ်တွယ်ထားနိုင်ခဲ့တယ်။ ကျမတို့ မောင်နှမက သစ်ပင်ခွဆုံကနေ
“မိမလေး ရေနစ်နေပြီ။ ကယ်ကြပါ….”      ဆိုပြီး ကျမတို့ မောင်နှမက အရပ်ကို အော်ခေါ်ခဲ့ကြတယ်။

အဲလို အဖြစ်မျိုးကြုံတဲ့အခါမှာတော့ အိမ်နီးချင်းတွေက ကြည့်မနေကြပါဘူး။ အပြေးလာပြီး အငယ်မကို ရေထဲက ဆယ်ထုတ်၊ အ၀တ်လဲ၊ နွေးထွေးလာအောင်၊ အကြောက်ပြေအောင် နှစ်သိမ့်ချော့မော့ရင်း ကျမတို့ မောင်နှမကိုတော့ ဒါလောက်တောင် မျောက်ကျရသလား… ဆိုပြီး တုတ်နဲ့ တွယ်ပါတယ်။

ဆိုလိုတာက ကျမရဲ့ငယ်ဘ၀ဟာ တနေကုန် နေချင်သလိုနေ၊ စူးစမ်းချင်သမျှ အန္တရာယ်ဆိုတာကို မသိတတ်ဘဲ စူးစမ်းလေ့လာရင်းနဲ့ တခုခုကို ထူးဆန်းသိချင်လို့လည်း မေးရမယ့်သူ၊ အဖြေပေးမယ့်သူဆိုတာ အနားမှာ မရှိခဲ့။

ကျမတို့ မြန်မာစာစကားပြေမှာ မောင်လူမွှေးတို့ သားအဖကို သင်ရတဲ့အခါ မောင်လူမွှေးမေးတဲ့  “ဖေဖေ၊ ငှက်လေးတွေက ဘာလို့ ဖိနပ်မစီးတာလဲ”  -    “ဖေဖေ၊ ညီမလေးကို မွေးတုန်းက ဆရာဝန်ကြီးလာတယ်။ အခု ရွှေဝါကလေးမွေးတော့ ဘာလို့ ဆရာဝန်မခေါ်တာလဲ”  ဆိုတဲ့ ကလေးအတွေးနဲ့ ကလေးအမေးတွေကို အဖြေပေးမယ့်သူ ကျမနားမှာ တယောက်မှ မရှိခဲ့။

အမေက မနက်မိုးမလင်းခင်ထပြီး တအိမ်လုံးစားဖို့ ချက်ပြုတ်၊ ကျမတို့ကို ရေချိုး၊ သနပ်ခါးလိမ်း၊ တခါတရံ သူ့ပါးက သနပ်ခါးတောင် ညှိချိန်မရ၊ ရင်ဖုံးကြယ်သီးတပ်ချိန်မရဘဲ ကျောင်းကို ပြေးရတာ။ ပြန်လာတာနဲ့ ရေတွင်းနက်နက်ကြီးထဲက ရေတွေဆွဲပြီး သောက်ရေ သုံးရေဖြည့်၊ ကလေး လေးယောက်ကို ရေချိုး၊ သနပ်ခါးလိမ်းပေး၊ လျှော်ဖွပ်၊ မီးပူတိုက်၊ အဖေက ညကျောင်းသင်ပြီးလို့ ည ၈ နာရီအိမ်ပြန်ရောက်ချိန်တောင်မှ အမေ့အလုပ်က လက်စမသတ်တတ်ချင်သေး။

ထမင်းဝိုင်းမှာ မိသားစုစုံချိန်ဆိုရင် အမေရော အဖေပါ အားအင်ကုန်ခန်း၊ နွမ်းနယ်နေခဲ့မှာ အမှန်။ တနေကုန် ရာနဲ့ချီတဲ့ ကလေးသံတွေကြားမှာ နေခဲ့ရတဲ့အတွက်လည်း နောက်ထပ် ကလေးသံကို ငြီးငွေ့နေခဲ့မှာအမှန်။

အဲဒီလို မောပန်းနွမ်းနယ်နေချိန်မှာ ကလေးတွေအတွက် ထူးဆန်းနေတဲ့ ကမ္ဘာလောကကြီးက နေ့စဉ် သမားရိုးကျဖြစ်စဉ်လေးတွေကို အဖြေပေးဖို့ကိုလည်း ပျင်းရိနေခဲ့မှာ အမှန်။

*        *        *        *        *        *        *        *        *        *        *        *
ဆီမီးခွက် မှိတ်တုပ်မှိတ်တုပ် အလင်းရောင်အောက်က ထမင်းဝိုင်းမှာ အဖေက သူ့စကားကြောင့်
ပန်းကန်ထဲကို မျက်ရည်တွေ အတောင့် လိုက်ကျပြီး ထမင်းတွေကို ဆက်မ၀ါးတော့ ဘဲ… ထမင်းတွေကို အလုပ်မရှိ အလုပ်ရှာ နယ်ဖတ်နေရင်း နာနာကျည်းကျည်း ငြိမ်သက်ကျသွားတဲ့ ပိန်ညှောင်ညှောင် ညှပ်စိမလေး သူ့သမီးရဲ့ အကဲဆတ်မှုနဲ့ ခံစားတတ်မှုကို ကြည့်ပြီး ရယ်မောနေခဲ့မယ့် အဖေ့ရဲ့ ပုံရိပ်က တကယ်တော့ ကျမကို နှုတ်ဆွံ့သွားစေခဲ့တဲ့၊ ဘာကိုမှ လူရှေ့သူ့ရှေ့မှာ ထုတ်ချပြောဖို့ သတ္တိမရှိတော့တဲ့အဖြစ်ကို ရောက်သွား စေခဲ့တာပါလား။

ဇာဂနာ ဘာကြောင့် အခုလို ထွန်းပေါက် အောင်မြင်ရသလဲဆိုတာကို နားထောင်ရင်း ကျမရဲ့ အနုံစိတ်ကို ကျမ ပထမဆုံး ရှာဖွေတွေ့ရှိလာခဲ့ရချိန်က ၁၉၈၇ ခုနှစ်၊ နှစ်ပေါင်း ၁၇ နှစ်လောက်ကြမှ ကျမ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရှာတွေ့ခဲ့ရတာ။

*        *        *        *        *        *        *        *        *        *        *        *
ဂစ်တာလေး… သီချင်းလေးများနဲ့ ဆွဲဆောင်ပါအုံးဟေး…
ဂစ်တာလေး…ဆေးထိုးလို့မရတဲ့ စိတ်တွေ နေကောင်းရေး… သီချင်းလေးများနဲ့ မင်းက ဖေးကူပေး….

အယ်လ်ခွန်းရီရဲ့ သီချင်းလေးက ချိုအေးအေးနဲ့ ကျမကို တပ်လှန့်နေပါတယ်။ စိတ်မှာ နေလို့မကောင်းတာဟာ ဆေးထိုး ဆေးသောက်လို့ ပျောက်တာမဟုတ်၊ စိတ်ကဖြစ်နေတာကို စိတ်နဲ့သာ နိုင်အောင် ဖြတ်နိုင်ရမယ်… ဆိုတဲ့အသိ အဲဒီတုန်းကတည်းက ကျမမှာ ရှိခဲ့တယ်။

အဖေက ပညာရေးစိတ်ပညာနဲ့ ဘီအီးဒီဘွဲ့ ရခဲ့သူ။ အဖေက စာအစုံဖတ်ပြီး အမြဲ စာအုပ်တွေဝယ်ယူစုဆောင်း တတ်သူ။ သားသမီးတွေကို စာဖတ်ဝါသနာပါလာအောင် ဆွဲဆောင်နိုင်တဲ့သူ။ ဒါကြောင့် အဖေ၀ယ်ထားတဲ့စာအုပ်တွေကို အသက်နဲ့မလိုက်အောင် အစုံ လိုက်ဖတ်ရင်း ဒေါက်တာ အုန်းမောင်၊ အောင်ဝင်း(စိတ်ပညာ) တို့ရဲ့ စာအုပ်တွေနဲ့ ရင်းနှီးနေသူဖြစ်ခဲ့လို့ ကျမဟာ စိတ်ရဲ့သဘောကို တီးမိခေါက်မိ ရှိခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း၊ အရှိအတိုင်း ပြန်ပြီး သုံးသပ်နိုင်ခဲ့တယ်။

ဒေါက်တာအုန်းမောင်ရဲ့ စာအုပ်တအုပ်ထဲမှာ ကလေးဘ၀မှာ ရတဲ့ စိတ်ဒဏ်ရာဟာ ပိုပြီး ကုရခက်တယ်ဆိုတဲ့ အကြောင်း ရေးထားတာကိုလည်း ကျမ ဖတ်ခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက သူတို့ ဘာဖြစ်လို့ ဖြစ်ခဲ့တယ်ဆိုတာကို မမှတ်မိတော့ဘဲ အနာစွဲကျန်ခဲ့တာမျိုး၊ ခံစားတတ်နေပေမဲ့ မှတ်ဉာဏ်အားမရင့်သန် သေးတော့၊ ဆင်ခြင်သုံးသပ်နိုင်အား မပြည့်မီသေးချိန်မှာ ဖြစ်တဲ့ အဖြစ်တွေဟာ ဆေးကုသဖို့ ခက်ခဲတယ်လို့ ရေးထားတာကို ဖတ်ခဲ့ဖူးတယ်။

ကျမက ကံကောင်းလွန်းလို့ ဒီအဖေ့သမီးဖြစ်လာပြီး အဖေ၀ယ်ထားပေးတဲ့ စာအုပ်တွေကို ဖတ်ရှုလေ့လာထား တဲ့အခံ၊ နောက် အဖေကိုယ်တိုင်က ဒီအဖြစ်ကို မမေ့ပစ်ဘဲ သူ သတိရလာတိုင်း ကျမကို ဘာလို့ ထမင်းဝိုင်းမှာ စကားမပြောတော့တာလဲ…ဆိုပီး အစဖော်ဖော်ပြန်စတတ်လို့သာ ကျမက အရွယ်ရောက်ပြီး အသိဉာဏ်ရင့် ကျက်ချိန်မှာ ကိုယ်ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ….ဆိုတာကို ဆင်ခြင် သုံးသပ်နိုင်စွမ်း ရှိခဲ့တာ။ အဲဒီအထိ ကျမ ကိုယ်ဘာဖြစ်နေတယ်ဆိုတာ သိလာတာတောင်မှ အဖေနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ နုတ်ထွက် မရဲခဲ့။
*        *        *        *        *        *        *        *        *        *        *        *
 “ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရေးနဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး” ဆိုတဲ့ ခေါင်းစည်းနဲ့ ကျမရဲ့ ကိုယ်တိုင်ရေးဆောင်းပါးလေး ၁၉၉၇ ခုနှစ်မှာ ကျမရဲ့ ပထမဆုံး စာမူလေး မြန်မာ့အာမခံမဂ္ဂဇင်းမှာ ပါလာပါတယ်။
ဆောင်းပါးအစမှာ ကျမကို ကက်ကက် သတ်သတ်မေးခွန်းမေးတတ်တဲ့ ကျမရဲ့ တပြည့်လေးတွေကို အချိန်ပေး ပြီး စိတ်ရှည်လက်ရှည် ဖြေခဲ့တာတွေနဲ့စ၊ ကျမရဲ့ မေးခွန်းတွေကို ငယ်ဘ၀တုန်းက ဖြေသူမဲ့ခဲ့တဲ့ အဖြစ်နဲ့ နှိုင်းယှဉ်… ဇာဂနာအကြောင်းပါလို့ အဲသည် စာမျက်နှာတရွက် အဆုတ်ခံ (ဆင်ဆာ) ရတာကို စိတ်ပျက်ရပေမဲ့ ကျမရဲ့ စာမူလေး ပထမဆုံး ပုံနှိပ်စာလုံးနဲ့ မြင်ရတာကိုက ကျမအတွက် ကုထုံးတခုဖြစ်ခဲ့တာပါ။

အဲဒီ စာမူပါတဲ့မဂ္ဂဇင်းပေါ်မှာ စာမူခ ကျပ် ၃၀၀ ထည့်ထားတဲ့ စာအိပ်လေးကိုတင်ပြီး ကျမ အဖေ့ကို ထိုင် ကန်တော့ခဲ့ပါတယ်။ သမီးရဲ့ စာမူပါလာပြီ ဆိုတော့ ဘယ် မိဘ စိတ်မချမ်းသာဘဲ ရှိပါ့မလဲ။

ကျမ ဆောင်းပါးကို အဖေ စဖတ်တဲ့အခါ ကျမ ဘေးကနေ အဖေ့မျက်နှာကို သေချာစောင့်ကြည့်နေခဲ့တယ်။ ကျမ အဖေ့ကို ထိုင်ကန်တော့တာ တကယ် သွေးရိုးသားရိုးပါ။ ပထမဆုံး ကျောင်းဆရာမ လစာဝင်တော့လည်း လကုန်ခါနီးမှ အလုပ်စ၀င်တဲ့အတွက် ရခဲ့တဲ့ ပိုက်ဆံ ၈၀ ကျော်ကို ကျမ ဒီလိုပဲ ပထမဆုံးလခနဲ့ ကန်တော့တာပါ ဆိုပြီး အမေနဲ့ အဖေ့ ရှေ့မှာ ပိုက်ဆံချပြီး ထိုင်ကန်တော့ခဲ့တာပါပဲ။

အဖေဟာ ဆောင်းပါးဖတ်ရင်း ကြေကွဲသွားတာကို သူ့မျက်နှာရဲ့ အကြောတွေ တင်းမာလှုပ်ရှားနေပုံကြည့်ပြီး ကျမ ခန့်မှန်းလို့ရပါတယ်။ ဆောင်းပါး ဖတ်ပြီးသွားတဲ့အခါမှာ အဖေဟာ စကားမပြောနိုင်ဘဲ အကြာကြီး ငိုင်နေခဲ့တယ်။ မပြောဆို တနေကုန်နီးပါးကို တလုံးမှ မပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့တာပါ။

သားအဖနှစ်ယောက်ရဲ့ ထမင်းဝိုင်းကလည်း တိတ်ဆိတ်လို့ပါပဲ။ (အမေက အဲသည်တုန်းကတည်းက အိမ်မှာ မရှိတော၊့ ဧည့်သည်သွား ဧည့်သည်လာ သဘောမျိုးသာ ခနတဖြုတ်ပဲ အိမ်ကို ပြန်လာတော့တဲ့အချိန်)။

အကြာကြီးနေမှ အဖေက ကျမကို ဖြေရှင်းချက်ပေးပါတယ်။ သူ့အသံက ခပ်တိမ်တိမ် တိုးသဲ့သဲ့။

“သမီး အဲဒီလောက် စိတ်နာသွားလိမ့်မယ်လို့ အဖေ တခါမှ မတွေးခဲ့မိပါဘူး။ အဖေကတော့ အဖေ့ရဲ့ လေးနှစ် အရွယ် သမီးလေးက ကျောင်းတောင်မှ မနေရသေးဘဲနဲ့ ဒုတိယတန်းဖတ်စာအုပ်ထဲက သင်ခန်းစာကို ကောင်း ကောင်း ကြေညက်နေအောင် သိနေတာနဲ့ သိရုံတင်မကဘဲ အဓိပ္ပာယ်ကိုလည်း သဘောပေါက် နားလည်ပြီး နာတတ်တာကို သဘောကျခဲ့တာပါ။ အဖေ့သမီးဟာ အဲဒီလောက် ထက်မြက်ပြီး မှတ်ဉာဏ် ကောင်းတာကို သဘောကျလို့ ရယ်ခဲ့တာပါ။ အဖေ့ရယ်သံကြောင့် သမီး အခုလောက် ဖြစ်သွားလိမ့်မယ်လို့ အဖေ တကယ်ကို မတွေးမိခဲ့ဘူး”
*        *        *        *        *        *        *        *        *        *        *        *
အဖေဟာ ဆုံးခါနီးအထိ အဲဒီကိစ္စကို စိတ်မကောင်းဖြစ်သွားခဲ့တာပါ။

*        *        *        *        *        *        *        *        *        *        *        *
၂၀၀၅ ခုနှစ်မှာ ကျမ ဂျာနယ်လစ်ဇင်စကူးလ်တက်တော့ သတင်းထောက်သင်တန်းမှာ မေးခွန်းမမေးဝံ့တဲ့ အသက်အကြီးဆုံး သင်တန်းသားဟာ ကျမ ဖြစ်ခဲ့တယ်။

အစည်းဝေးတခု၊ အခန်းအနားတခုကိုသွားရင် အနည်းဆုံး လိပ်စာကဒ် ၁၀ ခု ရအောင်တောင်းပါ…လို့ ဆရာတွေ ဘယ်လိုမှာမှာ၊ ကျမ မလုပ်နိုင်ခဲ့ဘူး။ လူစိမ်းတယောက်ကို လိပ်စာကဒ် တောင်းတဲ့အခါ အဲဒီလူက ကျမတောင်းတာကို ဂရုမထားဘဲ မပေးဘဲ နေခဲ့မှာကို ကျမ ကြိုတင်ကြောက်ရွံ့နေခဲ့လို့ပါ။

အဲဒီလို နေရာမျိုးတွေမှာ တယောက်ကို မေးခွန်း ၁၀ ခု မေးပါလို့ ဆရာတွေက မှာပေမဲ့ ဘယ်တော့မှ မေးခွန်း ထွက်မလာတာက ကျမ တယောက်ထဲပါပဲ။ မေးဖို့ စဉ်းစားတိုင်း နှောင့်နှေးတွန့်ဆုတ်နေရင်း ကျမ မေးမယ့် မေးခွန်းနဲ့ ခပ်ဆင်ဆင်ကို တခြား သင်တန်းသားတယောက်က မေးလိုက်တဲ့အခါ အတူတူပါပဲလေ…ဆိုပြီး ကျမ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့တာပါပဲ။

မေးခွန်းမေးရမှာကို ပင်ပန်းအားငယ်စိတ်နဲ့ ကျမ ကျောင်းကနေ ထွက်ပြေးချင်စိတ်ပေါက်မိတာလည်း အကြိမ်ကြိမ်။ ဒါပေမဲ့ အဲဒီအနေအထားမှာက ကလေးတယောက် နောက်တောက်တောက် ဆိုတဲ့
“အိမ်ပြန်စရာ ကားခ မရှိတော့လို့ ပါ…..” ဆိုတဲ့ သီချင်းလိုပါပဲ။ ကိုယ့်စရိတ်နဲ့ကိုယ် လာလို့ရတာမဟုတ်တဲ့ သင်တန်းမျိုးမှာ ကိုယ့်သဘောနဲ့ကိုယ်ပြန်ဖို့ ဆိုတာက ငွေရေးကြေးရေး၊ လုံခြုံရေးဆိုတဲ့ အခြေအနေ ကန့်သတ်ချက်တွေကလည်း ကာရံထားလို့သာ  သတင်းထောက် သင်တန်းဆင်း လက်မှတ်ရခဲ့တဲ့သူပါ။

*        *        *        *        *        *        *        *        *        *        *        *

ကျမကိုယ်ကျမ သတင်းထောက်တယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးထင်ထားခဲ့တာမဟုတ်။ စာရေးဝါသနာပါတာတခုနဲ့ သတင်းထောက်သင်တန်းကို ရောက်လာခဲ့တဲ့သူ။ (တခုတော့ ရှိတာပေါ့လေ။ ရေးဖြေမှာ ကျမထက် အင်္ဂလိပ်စာပိုကောင်းပြီး ပိုပြီးသွက်တဲ့ အမျိုးသမီး အရွေးမခံခဲ့ရဘူးဆိုတော့ သတင်းထောက်လို စဉ်းစားတွေးတောတဲ့ ဉာဉ်ကတော့ ကျမမှာ အားကောင်းခဲ့ပုံရပါလိမ့်မယ်။) အဲသည်မှာ စာရေးလေ့ကျင့်ရတဲ့ သင်ခန်းစာတွေကို ပျော်ရွှင်ပေမဲ့ မေးခွန်းမေးဖို့ အားထုတ်ရချိန်တိုင်းမှာ အမြဲ အသည်း တအေးအေး၊ ရင်တလှပ်လှပ်နဲ့ ဖြစ်လာရတိုင်း အိမ်ပြန်စရာ ကားခ မရှိတော့လို့ပါ…လို့သာ အော်နေချင်တော့တာပါပဲ။

ဒီလိုနဲ့ သင်တန်းကဆင်းတော့ သတင်းစာတစောင်အတွက် ၃ နှစ်နီးပါးတော့ အလုပ်လုပ်ပေးဖြစ်ခဲ့ပါတယ်။ ကျမ လုပ်ခဲ့တဲ့ နှစ်တွေမှာ သတင်းစာ ပိုကောင်းလာတယ်လို့ ဦးလေးက ပြောပါတယ်။ သူက ကျမကို စိတ်ဓာတ်မြှင့်တင် အားပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

*        *        *        *        *        *        *        *        *        *        *
အမေရိကန်ကို ရောက်လာချိန်မှာ ကျမ ဗွီအိုအေမှာ အလုပ်လျှောက်မယ်လို့ တခါမှ တွေးခဲ့ဖူးတာ မဟုတ်တာ ကိုတော့ ၀န်ခံရပါလိမ့်မယ်။ ကျမ ရောက်သွားတဲ့မြို့လေးက အလွန်ဆိတ်ငြိမ်တဲ့ မြို့သေးသေးလေး။ သယ်ယူ ပို့ဆောင်ရေးက ခက်ခဲလို့ အမေရိကားကို အသစ်ရောက်လာပြီး ကားမမောင်းတတ်ဘဲနဲ့ အလုပ် လုပ်ဖို့ ဘယ်လိုမှ မလွယ်တဲ့ နေရာမျိုး။ နေရတဲ့ မြို့သဘာဝကို ကျမ နှစ်သက်ပေမဲ့ အလုပ်မလုပ်ဘဲ နေလို့ မဖြစ်တာ ကြောင့် ကျမ နေရာပြောင်းဖို့ စဉ်းစားချိန်မှာ အမေ့မိတ်ဆွေတယောက်က ဒီစီဘက်ကို လာဖို့၊ သတင်းထောက် သင်တန်းလည်း ပီးထားသူအနေနဲ့ ဗွီအိုအေမှာ အလုပ်လျှောက်ကြည့်ဖို့ လှမ်းခေါ်ပါတယ်။

မိုက်ကရိုဖုန်းရှေ့ရောက်ပြီး အသံထုတ်ရတော့မယ်ဆိုရင် ကျမ လည်ချောင်းထဲမှာ တခုခု လာဆို့နေသလို လည်ပင်းပဲ အညှစ်ခံထားရသလို အသံက တိမ်နစ်ပြီး မထွက်လာတော့။ တခါတလေကျ လျှာတွေ အာတွေပါ လေးပြီး အသံက စကားပြောနေကျ လေယူလေသိမ်း- အသံပီပြင်မှု၊ လိုအပ်တဲ့ ကျယ်လောင်မှုတွေ အားလုံး ပျောက်ဆုံးကုန်ပြီး ထပ်ခါတလဲလဲ ပြန်သွင်းရတာ စိတ်ပျက် စိတ်ဓာတ်ကျစရာ။ တခါတလေ ကျမ ရေးထားတဲ့ ဆောင်းပါးဟာ ကျမအသံရဲ့ လေးကန်တိုးတိမ်မှုကြောင့် အသံလွှင့်ဖို့ အရည်အသွေးအရ စံချိန်မမီလို့  လွှတ်ပစ် လိုက်ရတဲ့အခါတွေတောင် ရှိခဲ့တာကို အယ်ဒီတာတွေက ကျမကို အားနာလို့ မပြောပေမဲ့ ကျမ ရိပ်မိ သိရှိခဲ့ပါ တယ်။

အိမ်မှာ တယောက်တည်း အသံထွက်ပြီး အင်္ဂလိပ်စာတွေကို ဖတ်ရင် ပီသကြည်မြတဲ့အသံဟာ ရုံးရောက်လို့ ဗမာလို ကိုယ်တိုင်ရေးပီး   စိတ်အေးလက်အေးဖတ်သည့်တိုင်အောင် တယောက်ယောက် ကြားတော့မှာပဲ… နားထောင်တော့မှာပဲ ဆိုတဲ့ အသိနဲ့ အသံကို ထုတ်မရတော့ဘဲ ဖျစ်ညှစ်ထွက်တဲ့ကိုယ့်အသံကိုယ် မုန်းတီး စိတ်ပျက်ရင်းလည်း ငါ အလုပ်က ထွက်လိုက်တာ ကောင်းမယ် ထင်ပါတယ်….ဆိုတဲ့ စိတ်ကူးက ခဏ ခဏ ခေါင်းပြူလာပါတယ်။

ဒါပေမဲ့ အခုတော့ ကျမရဲ့ အသံဟာ အရင့်အရင်အချိန်တွေနဲ့စာရင် အများကြီး တိုးတက်မှု ရှိလာတယ်လို့ ခံစား မိတယ်။ ရည်ရွယ်မထားဘဲ ဆွမ်းခံရင်း ငှက်သင့်ရလာတဲ့အလုပ်က ကျမရဲ့ စိတ်ဒဏ်ရာကို ဓာတ်ကြမ်းတိုက်ပြီး ကုသလို ဖြစ်ခဲ့တယ်။ ကျမဟာ သတင်းတွေ ဘာသာပြန်နေရချိန်မှာ စိတ်ချမ်းသာသလောက် အသံလွှင့်ခန်း ၀င်ရတော့မယ်ဆိုရင် ဆားလောင်းခံရတဲ့ တီတကောင်လို တွန့်လိမ်နာကျင် ခံခက်နေတဲ့ အရသာလည်း အရင်နဲ့ စာရင် အများကြီး လျော့ပါးသွားပြီ…လို့ ခံစားရပါတယ်။

ပရိုဂျူဆာလုပ်တဲ့အခါ အသံဖမ်းအင်ဂျင်နီယာကို commend ပေးဖို့ အသံမထွက်တဲ့ အခြေအနေကလည်း အခုဆို ကျမကိုစိတ်ရှည်ရှည်နဲ့ တွဲခေါ် သင်ပြပေးတဲ့ အင်ဂျင်နီယာတွေကြောင့် တော်တော်လေး ဟန်ကျပန်ကျ ဖြစ်နေခဲ့ပြီ။ မိနစ်များတဲ့ အပတ်စဉ်ကဏ္ဍတွေ လွှင့်နေချိန်မှာ အင်ဂျင်နီယာတွေနဲ့ စကားစမြည်ပြောရင်း ကျမ မသိမသာနဲ့ ပြောချင်တာတွေ တိုးတိုးပြီး ပြောလို့ ရနေတာကိုက ကျမအတွက်တော့ လုပ်ငန်းခွင်ဟာ စိတ် ကျန်းမာရေးလေ့ကျင့်ရာဌာနတခုလိုလည်း ဖြစ်နေခဲ့တယ်။

*        *        *        *        *        *        *        *        *        *        *        *
ကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်းမသိခဲ့တာက နှစ်ပေါင်း ၂၀ နီးပါး ရှိခဲ့ပြီး ဘာဖြစ်လဲဆိုတာ သိချိန်မှာ သက်သာ ပျောက်ကင်းအောင် ကုစားမှုက နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့တယ်။ တကယ်လို့ အဖေသာရှိနေရင် ကျမရဲ့ ဆောင်းပါးလေးတွေမှာ အရေးအသားပိုင်းလိုအပ်ချက်လေးတွေကို ထောက်ပြပြင်ဆင်ပေးသလိုပဲ အသံလွှင့် အလုပ်ကို လုပ်နေပြီး ဌာန်ကရိုဏ်းမကျတဲ့ သမီးအသံကို စိတ်ရှည်ရှည်နဲ့ ပြုပြင်ပေးမှာပဲ…လို့ တွေးရင်း ကျမအပေါ် စိတ်ရှည်သည်းခံခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အယ်ဒီတာတွေကို ကျေးဇူး အမြဲတင်နေရမှာပါ။

*        *        *        *        *        *        *        *        *        *        *        *
      
ခွာညို
၂၀၁၁ ခု၊ မေလ ၂၇ ရက်၊ သောကြာနေ့။